Monday, March 10, 2014

မီနာမာတာ အဆိပ်သင့်ခြင်း သို့မဟုတ် ပြဒါးဆိပ်သင့်ခြင်း



မီနာမာတာ အဆိပ်သင့်ခြင်း သို့မဟုတ် ပြဒါးဆိပ်သင့်ခြင်း           The Poisoning Of Minamata စွမ်းထက်နောင်

ပြဒါးအဆိပ်သင့်ခြင်း အဖြစ်အပျက်များသည် သာမန်ရိုးရိုးရှင်းရှင်းမဟုတ်ပဲ ကြောင်များလမ်းမပေါ်တွင် ကနေခြင်းမှ ထူးဆန်းစွာ စတင်ခဲ့ပါသည်။ တစ်ခါတစ်ရံ ကနေရင်း ရုတ်တရက်လဲကျ၍ သေအံ့မူးမူးဖြစ်ပြီး တချို့မှာ သေဆုံးသွား ခဲ့ပါသည်။

(၁၉၅၀)ခုနှစ်၌ဂျပန်နိုင်ငံတွင် ငါးဖမ်းခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကြသည့် ရွာလေးတစ်ရွာတွင် ထိုကဲ့သို့ နားလည်၊ ရှင်းပြရန် ခက်ခဲသောရောဂါဖြစ်ပွားခဲ့ပါသည်။ ထိုရွာမှလူများနှင့်မိသားစုဝင်များသည် မကြာခဏအထိန်းအကွပ်မဲ့စွာ အော်ဟစ်ခြင်း၊စကား ပြောဆိုရာတွင် အရက်မူးသည့်ပုံစံဖြစ်နေခြင်း၊ မောပန်းနေပြီး စကားလုံးများကို ရှင်းလင်းစွာ အသံမထွက်နိုင်ပဲ ပလုံးပထွေးဖြစ်နေခြင်းများကို တွေ့ကြုံ့ခံစားခဲ့ရပါသည်။

ထိုကဲ့သို့မထင်မရှား မသိ မသာပြသသည့်၊ အစကနဦး ရောဂါလက္ခဏာများဖြစ်သော အာရုံကြောများချို့ယွင်းခြင်းနှင့် အားနည်း ခြင်း များသည် ပြဒါးဓာတ်ပါဝင်သောအစားအစာများကို စားသုံးမှုကြောင့်ဖြစ်ကြောင်း ယခင်က မသိရှိခဲ့ ကြပါ။ လူများ၏အပြုအမူများပြောင်းလဲမှုများသည်လူနည်းစုမဟုတ်တော့ပဲတဖြည်းဖြည်းနှင့်လူပေါင်းများ စွာထိုရောဂါဖြစ်ပွားနေ ကြောင်းကို သိရှိလာခဲ့ကြပါသည်။

ထိုကဲ့သို့နားလည်ရန်၊ရှင်းပြရန် ခက်ခဲသောကြောင်များကနေခြင်း နှင့် လူုများ၏အပြုအမူများ ပြောင်းလဲမှုများသည် ဂျပန်နိုင်ငံ မီနာမာတာမြို့တွင်စတင်ဖြစ်ပွားခဲ့ပါသည်။ အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသောရောဂါများ စတင်ဖြစ်ပေါ်ခဲ့ခြင်း သည် သမိုင်းတွင်စက်မှုလုပ်ငန်းများဖွံ့ဖြိုးလာမှုနှင့်အတူ၊ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ပတ်ဝန်းကျင်ပျက်စီးထိခိုက်မှု ပြဿနာ ကြောင့် ရောဂါပါရရှိနိုင်ကြောင်း ကိုပထမဦး စွာပြသလိုက်သည့် သက်သေအထောက်အထားတစ်ခုပင် ဖြစ်ပါသည်။

တစ်ဦးတစ်ယောက်သေဆုံး၍ ၀မ်းနည်းပူဆွေးရသည် ထက်သာမက လူထောင်ပေါင်းများစွာ သေဆုံးရခြင်းက၊ ကပ်ရောဂါ သဖွယ် ပိုမိုထိတ်လန့်ခြောက်ခြားတုန်လှုပ်စေခဲ့ပါသည်။ ထိုကြေကွဲစရာ အံ့သြစရာကောင်းလောက်သည့်၊ မီနာမာတာမြို့ရှိ လူအများ အဆိပ်သင့်သေဆုံးခြင်း အကြောင်းသည် ကိန်းဂဏန်းအရအထောက်အထားများ အမှန်တကယ် အတိအကျ အပြည့်အစုံရှိ ခဲ့ပါသည်။

အစားအစာတွင်ပါဝင်သောအရာဝတ္ထုများနှင့် လူအများ၏ကျန်းမာရေး ဆက် နွယ်မှုရှိသည်ကို အထင်အရှား ပြသလိုက် သည့် သက်သေဥပမာတစ်ခုပင်ဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများသည် လူသားတို့၏ အရေးပါသော နေထိုင်မှုဘ၀ဖြစ်စဉ်များကို ပျက်သုဉ်းစေနိုင်ကြောင်းကို သတိပေးနေသော သင်ခန်းစာ ယူသင့်သည့်အဖြစ်အပျက်များ ဖြစ်ပါသည်။

တစ်ခါတစ်ရံအစားအစာများသာမက မမျှော်လင့်ထားသည့်လူအများနှင့်ပတ်သက်မှုမရှိသော အရာ များကြောင့်လည်းကျန်းမာရေးချို့ယွင်းမှုများ ဖြစ်ပေါ်နိုင်ပါသည်။
မီနာမာတာပြဒါးအဆိပ်သင့်ခြင်းမှစတင်၍ ပြဒါးအဆိပ်သင့်ခြင်းကို မီနာမာတာရောဂါ (Minamata Disease) ဟုခေါ်ဆိုခဲ့ပါသည်။ ထိုအဖြစ်အပျက်များကို (၁၉၇၀)ခုနှစ်၌ဂျပန်ပြည်ရှိ သတင်းစာများ၏မျက်နှာအဖုံးတွင်အသေးစိပ်ဖော်ပြထားခဲ့ပါသည်။ကမ္ဘာတစ်ဝန်းလူအများသိရှိခဲ့ရာမှအနောက်နိုင်ငံများသို့ပျံ့နှံသွားခဲ့ရာအမေရိကသို့ပင်သတင်းရောက်ရှိကြော်ကြားခဲ့ပါသည်။ ထိုကြေကွဲစရာကောင်းသော အဖြစ်အပျက်များ၏အထောက်အထားများအပြည့်အစုံကိုအကျဉ်းချုပ် ဖေါ်ပြရသော်၊ အောက်ပါအတိုင်းဖြစ်ပါသည်။
မီနာမာတာမြို့သည်ဂျပန်နိုင်ငံကျူရှုးကျွန်းအရှေ့ဘက်ကမ်းရိုးတန်းတွင်တည်ရှိပါသည်။ထိုအရပ်ဒေသမှလူအများ၏အသက်မွေးဝမ်းကြောင်းလုပ်ငန်းသည်ပင်လယ်ငါးဖမ်းခြင်းနှင့်စိုက်ပျိုးရေးလုပ်ငန်းများကိုသာလုပ်ကိုင်ကြပါသည၊် (၁၉၃၂)ခုနှစ်တွင် ချီဆိုကော်ပိုရေးရှင်း (Chisso Corporation) သည် ပလစ်စတစ်ထုတ်လုပ်ရန် အစက်တယ်ဒီဟိုက် (Acetaldehyde) ဓာတုပစ္စည်းကိုစတင်ထုတ် လုပ်ခဲ့ပါသည်။ ထုတ်လုပ်မှုလုပ်ငန်းစဉ်မှထွက်ရှိသော ပြဒါးဓါတ်ပါဝင်သည့်စွန့်ပစ်ပစ္စည်းများကို ကမ်းခြေပင်လယ်အော်၏ရေထဲသို့စွန့်ပစ်လိုက်၏။ ထိုသတ္တုပြဒါးသည် မီသိုင်းမာကြူရီကလိုရိုက် (Methyl Mercury Chloride) အဖြစ်ပင်လယ်ရေအတွင်း ဖြစ်ပေါ်လာပါသည်။ ထိုဒေသပင်လယ်ရေထဲရှိ အပင်များ ငါးစသည့်ရေသတ္တ၀ါများထံရောက်ရှိစားသုံးမိပြီးထိုသတ္တ၀ါများ ၏ ခန္ဓာကိုယ်အတွင်းသို့ရောက်ရှိသွားပါသည်။ ထိုငါးပင်လယ်ထွက်ပစ္စည်းများကို လူအများက အစားအစာအဖြစ်စားသုံးကြရာမှ ပြဒါးဓာတ်များသည်လူ၏ခန္ဓာကိုယ်အတွင်းသို့ရောက်ရှိသွားပါ သည်။
ထိုအချိန်က မီနာမာတာဒေသတွင်နေထိုင်သူအများသည်၊ ပင်လယ်အော်မှငါးများနှင့် ပင်လယ်ထွက်ပစ္စည်းများကိုသာ အစာအာဟာရအဖြစ် မှီခိုစားသောက်နေရပါသည်။ (၁၉၅၀)ခုနှစ်အထိ ထိုဒေသရှိလူအများ၏အဓိကအစားအစာမှာ ပင်လယ်ထွက်ပစ္စည်းများနှင့် ငါးများသာဖြစ်ခဲ့၏။ ဓာတုစက်ရုံမှပြဒါးဓာတ်၏အဆိပ်အတောက်များသက်ရောက်မှုကြောင့် ဆိုးကျိုး များသည် ဒေသခံများအပေါ် လျှင်မြန်စွာ ထိခိုက်စေခဲ့ပါသည်။
ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသည့်(၁၉၅၂)ခုနှစ်ခန့်တွင် အစက်တယ်ဒီဟိုက်ထုတ်လုပ်မှုသည် များစွာတိုးတက်လာ၏။ စီးပွားရေးအရနှင့်ဒေသခံများ၏အလုပ်အကိုင်ရရှိပြီး ဘ၀နေထိုင်မှု တိုးတက်လာခဲ့၍ လူအများလက်ခံကြိုဆိုခဲ့ကြပါသည်။ ထိုအချိန်၌ပင်မီနာမာတာပင်လယ်အော် အတွင်း ငါးများရေပေါ်တွင် ပေါ်လောပေါ်နေကြောင်းစတင်တွေ့ရှိခဲ့ကြပါသည်။ ချီဆိုဓါတုကော်ပို ရေးရှင်းမှ ဒေသခံငါးဖမ်းသူများ၏ငါးဖမ်းရေပြင်ညစ်ညမ်းပျက်စီးမှုအတွက် လျှော်ကြေးငွေများပေးခဲ့ ကြပါသည်။ ထိုအချိန်၌ပင် ထူးခြားဆန်းကြယ်သော အပြုအမူများအဖြစ် ကြောင်များ ကခုန်နေခြင်း (Dancing Cat) ကိုတွေ့မြင်ခဲ့ကြရပြီး တစ်ခါတစ်ရံပင်လယ်အတွင်းသို့ကြောင်များလိမ့်ကျ သေဆုံး မှုများကို မကြာခဏ တွေ့ရှိရသဖြင့် ဒေသခံများက ကြောင်များသေကြောင်းကြံစည်ခြင်း (Cat Suicides) ဟုပင်ပြောဆိုကြရပါသည်။
(၁၉၅၀)ခုနှစ်တွင် အထက်ပါကြောင်များ၏ အပြုအမူများတိုင်းလူများတွင် စတင်ဖြစ်ပေါ်လာခဲ့ပါသည်။ လူအများသည် လမ်းလျှောက်နေစဉ် လဲကျလုမတတ်ဖြစ်ခြင်း၊ စာမရေး၍မရတော့ခြင်း၊ အင်္ကျီကြယ်သီးများ မိမိကိုယ်တိုင် မတပ်နိုင်ခြင်း၊ အစာစားရန်တူများမကိုင်နိုင်တော့ခြင်း၊ အကြားအာရုံ၊ အမြင်အာရုံချို့ယွင်းခြင်း ၊အစာကိုမျိုမချနိုင်ခြင်း၊ တုန်တုန်ရီရီဖြစ်ခြင်း၊ ယိမ်းယိုင်၍ မိမိကိုယ်ကိုမထိန်းနိုင်ခြင်းစသည်တို့ဖြစ်ပေါ်လာပါသည်။ (၁၉၅၆)ခုနှစ်၌မီနာမာတာမြို့တွင် လူများစွာကပ်ရောဂါသကဲ့သို့ ဖြစ်ပွားလာခဲ့ပြီး ရောဂါဖြစ်ပွားသူများ၏ ခန္ဓာကိုယ်ပုံသဏ္ဍာန်ကိုပါ ကမောက်ကမ ပြောင်းလဲဖြစ်စေသောကြောင့် လူအများကြောက်လန့် ခြင်းများ ဖြစ်ပေါ်လာခဲ့၏။
မည်သူကမျှ အဘယ်ကြောင့် ထိုသို့ဖြစ်ပွားသည်ကိုမသိရှိသဖြင့် ပရောဂလား သို့မဟုတ် ဦးနှောက်ရောဂါပိုးများဝင်ခြင်းလား၊ဆစ်ဖလစ်ရောဂါပိုးလား၊ရောဂါပိုးဝင်၍ဦးနှောက်ရောင်ရမ်းခြင်းလား၊ကူးစက်ရောဂါများလား၊အရက်စွဲရောဂါများလား၊ မျိုးရိုးဗီဇလိုက်သည့်ရောဂါများလား၊ သို့လောသို့လောနှင့် မည်သည့်ရောဂါများ ဖြစ်ပွားနေကြောင်း မသိရှိကြပါ။
လူအများခေါ်ဝေါ်သုံးစွဲကြသည့် ထင်ရှားသောအမည်များမှာ ကြောင်များကခုန်ခြင်းရောဂါ (Cats Dancing Disease) နှင့် ထူးဆန်းသောရောဂါ (Strange Disease) များဖြစ်ပါသည် ကောင်းစွာမသိရှိခြင်းနှင့် နားမလည်နိုင်ခြင်း၊ရှင်းမပြနိုင်ခြင်းတို့ကြောင့် အထက်ပါအမည်နှစ်ခုစလုံး ကို ရောဂါနာမည်အဖြစ် ခေါ်ဝေါ်နေကြပါသည်။
ဇီဝကမ္မဗေဒဖြစ်စဉ်အရ ခန္ဓာကိုယ်အစိတ်အပိုင်းလုပ်ဆောင်ချက်များကို ထိန်းသိမ်းပေးသည့် စနစ်အကြီးအကျယ်ပျက်စီးပျောက်ဆုံးကုန်သဖြင့် ရောဂါခံစားနေရသူများသည် မိမိကိုယ်ကိုယ်ဟန် ချက်ညီရန်မထိန်းနိုင်တော့ပါ ။ရောဂါစတင်ခံစားရသည့် ငါးဖမ်းပြီးအသက်မွေးသည့်ဖခင်အကြောင်း ကို သားဖြစ်သူက မျက်မြင်ကိုယ်တွေ့ပြောပြပုံမှာ ဤသို့ဖြစ်ပါသည်။ ဖခင်ဖြစ်သူမှာ မကြာခဏယိုင်တိယိုင်တိုင် ဖြစ်နေပြီးလှေပေါ်အိပ်ပျော်နေစဉ် လက်တစ်ဘက် ရေထဲသို့ ပြုတ်ကျနေခြင်းကိုမသိပြီး၊မိမိ၏ခြေညှပ်ဖိနပ်ကိုမိမိကိုယ်တိုင်မ၀တ်နိုင်ခြင်း၊လမ်းလျှောက်နိုင်၍ အခြားသူများဘာပြောသည်ကို နားလည်နိုင်သော်လည်းစကားပြန်ပြောစဉ် ပလုံးပထွေးဖြစ်နေခြင်း စသည့်တို့ကို တွေ့ကြုံ့ခံစားနေရပါသည်။
(၄)ရက်မြောက်သောနေ့၌မိမိကိုယ်ကိုထိန်းချုပ်ရန်ကြိုးစားနေစဉ်မှာပင်အခြေအနေယိုယွင်း ပြောင်းလဲသွားသဖြင့် ဆေးရုံတင်လိုက်ရပါသည်။
အိပ်ယာကုတင်ပေါ်တွင် ဖခင်အားပတ်တီးများဖြင့် ချည်နှောင်ထားရပါသည်။ တစ်ခါတစ်ရံ ကရန်အလွန်စိတ်အားထက်သန်နေပြီးပါးစပ်မှဘာတွေပြောနေမှန်းမသိ၊တံတွေးများထွေးလိုက်၊ ပြင်းပြင်းထန်ထန်တစ်ကိုယ်လုံးတုန်လှုပ်လိုက်နှင့်ဖြစ်နေ၏။ သူ၏အရေပြားများကိုလက်သည်းများ ဖြင့်ထိုးစိုက်ပြီးတစ်ကိုယ်လုံးသွေးထွက်ရန်ကုတ်ခြစ်နေကြောင်းပြောပြ၏။ ထိုကဲ့သို့ရောဂါခံစားရပြီး (၇)ပတ်အတွင်းကွယ်လွန်သွားခဲ့ပါသည်။ မိခင်သည်လည်းထိုနည်းတူရောဂါခံစားခဲ့ရပြီး ဖခင် သေဆုံးပြီး(၉)နှစ်အကြာတွင် သေဆုံးခဲ့သည်ဟု ဆိုပါသည်။
(၁၉၅၆)ခုနှစ်၌ လူများတွင်ရောဂါဖြစ်ပွားမှုကို လေ့လာသောပညာရှင်များနှင့် ဆေးဝါးပညာ ရှင်များမှ မီနာမာတာပင် လယ်အော်အတွင်းမှငါးရေသတ္တ၀ါများကို စားသုံးခြင်းကြောင့် ပြဒါး သတ္တုဓါတ်အဆိပ်သင့်ခြင်းဖြစ်ကြောင်းကို သက်သေအထောက်အထားများဖြင့်တင်ပြဖော်ထုတ်နိုင် ခဲ့ပါသည်။ထိုဒေသရှိမွေးဖွားလာခဲ့သည့် ကလေးများသည်လည်းထိုရောဂါ များပါလာခဲ့ကြပါသည်။
မီနာမာတာရောဂါ (Minamata Disease) ဆိုသည်မှာ မီသိုင်းမာကြူရီ ( Me Hg) ပြဒါးအဆိပ်သင့်ခြင်းဖြစ် ပါသည်။ ပြဒါးဓာတ်ပါသောပင်လယ်ထွက်ငါးများနှင့်အခွံပါသောငါးများ၊ခရု၊ဂုံးကောင်၊ပုဇွန်နှင့် ဂဏန်းများကို လူအများစားသောက်မိခြင်းကြောင့် ပြဒါးအဆိပ်သင့်သည့်ရောဂါဖြစ်ပါသည်။ ပင်လယ်ထွက်ရေ သတ္တ၀ါများငါးများတွင်ထိုပြဒါးဓါတ်ပါရခြင်းမှာဓာတုလုပ်ငန်းတစ်ခုမှစွန့်ပစ်သောပစ္စည်းများကြောင့် ဖြစ်ပါသည်။ (၁၉၅၆)ခုနှစ်မေလတွင် တရားဝင်ပထမအကြိမ် ပြဒါးအဆိပ်သင့်ခြင်းကို ဂျပန်နိုင်ငံ မီနာမာတာမြို့ကျူရှုးကျွန်းအရှေ့တောင်ဘက်တွင်စတင်တွေ့ရှိခဲ့ခြင်းဖြစ်၏။မီနာမာတာကမ်းခြေမှ ထုတ်လုပ်သော ရေထွက်လုပ်ငန်း ထွက်ကုန်များတွင် ပြဒါးဓါတ် (၅.၆၁မှ၃၅.၇ ပီပီအမ်) (5.61 to35.7 ppm) အထိမြင့်မားစွာပါဝင်နေကြောင်းတွေ့ရှိရပါသည်။ ပြဒါးဓါတ်ပါဝင်နေကြောင်းကို လူနာများ၏ ဆံပင်အမွှေးအမျှင်များ တွေ့ရှိခဲ့ကြ၏။ ထိုနေရာများတွင် နေထိုင်ကြသော ရှီရာမုအိ(Shiramui) ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်ရှီ လူများ မိသားစုများ တွင်လည်း ပြဒါးဓါတ် မြင့်မားစွာ အများဆုံး(၇၀၅ ပီပီအမ်) (705 ppm) အထိရှိကြောင်းတွေ့ရှိခဲ့ရပါသည်။
အဓိကရောဂါလက္ခဏာပြသမှုများမှာခံစားမှုတုန့်ပြန်နိုင်သည့်အရည်အသွေးများနှင့်စိတ်ပိုင်းဆိုင်ရာချို့ယွင်းခြင်း(Sensory Disturbances)၊ရောဂါကြောင့်ခြေလက်ရှိအကြောများပျက်စီးခြင်း၊ လက်နှင့်ခြေထောက်များသည် လက်အိတ်ခြေ အိတ်များဝတ်ဆင်ထားမှုကြောင့် တင်းကျပ်နေသကဲ့သို့ခံစားနေရခြင်း (Glove and Stocking Type) ခြေလက်များဆာနေခြင်း ကြွက်သားများလှုပ်ရှားမှုပုံမမှန်ခြင်း၊(Ataxia)ရိုးဆက်မျက်ခြင်း၊ အဆစ်လွဲခြင်း၊ (Dysarthria) အမြင် အာရုံတင်းကျပ်ခြင်း ကျဉ်းမြောင်းခြင်းေ၀၀ါးခြင်း၊ နားအကြားအာရုံချို့ယွင်းခြင်း၊ အသေးစား ငလျှင်လှုပ်သကဲ့သို့ ခန္ဓာကိုယ်အစိတ်အပိုင်းများတုန်လှုပ်နေခြင်း၊ တုန်တုန်ရီရီဖြစ်နေခြင်း တို့ဖြစ်ပါသည်။ မိခင်စားသုံးလိုက်သည့် ရေထွက်ပစ္စည်းတွင်ပါဝင်သောပြဒါးဓာတ်တို့ကြောင့် သန္ဓေသားတွင်ပါ ပြဒါးဆိပ်သင့်ခြင်း၊ဖြစ်၍ သန္ဓေသားတွင် အလွန်စိုးရိမ်စရာကောင်းသည့် ဦးနှောက်ဒဏ်ရာ ပမာဏကြီးစွာ ရရှိနိုင်ကြောင်းတွေ့ရှိရပါသည်။
ပြဒါးဆိပ်ကြောင့်ရောဂါဖြစ်ပွားမှုများမှာဖြစ်စတွင်ရောဂါလက္ခဏာပြသမှုထင်ရှားစွာမပြတတ်ပါအချိန် ကြာသည်နှင့်အမျှ ရောဂါလက္ခဏာတို့မှာတဖြည်းဖြည်းထင်ရှားစွာပြသလာပြီး၊ နာတာရှည်ရောဂါ အဖြစ်ဖြစ်ပွားခံစားရပါသည်။လွန်ခဲ့သော(၃၆)နှစ်ခန့်ကစတင်ဖြစ်ပွားခဲ့သည်ကိုလူပေါင်း(၁၀၄၃)ဦး သေဆုံးခဲ့ပြီးမှ(၂၂၅၂)ဦးသည်တရားဝင်ပြဒါးဆိပ်သင့်နေကြောင်းသိရှိလာခဲ့ကြပါသည်၊ နှစ်ပေါင်း(၃၀)ကျော်အတွင်း မီနာမာတာပင်လယ်အော်အတွင်းသို့ စွန့်ပစ်ပစ္စည်းဖြစ်သည့် ပြဒါးဓါတ်တန်ချိန်(၃၀)ကျော်ကိုစွန့်ပစ်ခဲ့ပါသည်။ ထိုဓါတုစက်ရုံမှပြဒါးအဆိပ်သင့်မှုကြောင့်လူအများ ပြဒါးဆိပ်သင့်ခြင်းနှင့် မွေးဖွားလာသောကလေးများတွင်လည်း မွေးရာပါပြဒါးဆိပ်သင့်ရောဂါပါ လာခဲ့ပါသည်။ ချီဆိုကော်ပိုရေးရှင်းမှ မိမိတို့စက်ရုံမှစွန့်ပစ်သောပြဒါးဓါတ်များကြောင့်ရောဂါဖြစ်ပွား ခြင်းမဟုတ်ကြောင်းကို သိပ္ပံပညာရှင်များဆရာဝန်အား သက်သေပြနိုင်ရန်ငှားရမ်းခဲ့ပါသေး သည်။ ဒုတိယကမ္ဘာစစ်အတွင်းကအသုံးပြုခဲ့သည့်လက်နက်များမှ အဆိပ်အတောက်များ ပင်လယ်အော် အတွင်းသို့ရောက်ရှိယိုစိမ့်မှုကြောင့် ဖြစ်ကြောင်းသက်သေထွက်ဆိုခဲ့ပါသည်။ သို့သော်(၁၉၇၃)ခုနှစ်တွင်ပထမဆုံးအကြိမ်အစီအရင်ခံစာထွက်ပေါ်လာခဲ့ပါသည၊်တရားရုံးမှတရားစွဲဆိုခဲ့ရသည့်အချိန်အတောအတွင်း နှစ်ပေါင်း(၂၀)ကျော်အချိန်ကြာမှ အစီအရင်ခံစာထွက်ပေါ် လာခဲ့ပါသည်။ ထိုအစီအရင်ခံစာအရပြဒါးအဆိပ်သင့်မှုကြောင့်ရောဂါများဖြစ်ပွားရခြင်းမှာမှန်ကန်ကြောင်းသိရှိခဲ့ကြရ၏။ ၁၉၅၆ခုနှစ်တွင်ပညာရှင်များမှ ပြဒါးအဆိပ်သင့်ခြင်းကိုဖော်ထုတ်တင်ပြခဲ့သော်လည်း ၁၉၅၉ခုနှစ်အထိ ချီဆိုကော်ပိုရေးရှင်းမှ လက်ခံခြင်းမရှိခဲ့ပါ။ ၁၉၆၃-ခုနှစ်တွင် လူအများကျန်းမာရေး စစ်ဆေးရေးအဖွဲ့ (Public Health Service) သုတေသနပညာရှင်များမှ စတင်ခြေရာခံ သုတေသနပြုလုပ်၍ ပြဒါးအဆိပ်သင့်သည်မှာ မှန်ကန်ကြောင်း အထောက်အထားများ ဖြင့်တင်ပြခဲ့ရာ ၁၉၇၀-ခုနှစ်မှ ဓါတုပစ္စည်းများစွန့်ပစ်ခြင်းမှ ရရှိသော ရောဂါဖြစ်ကြောင်းကို လက်ခံပြီး လျှော်ကြေးငွေ (၃၂)သန်းကို စတင်ပေးခဲ့ကြသည်။ မီနာမာတာအဆိပ်သင့်ခြင်းပြဒါးအဆိပ်သင့်ခြင်းသည်ဆရာဝန်သိပ္ပံပညာရှင်များနောင်လာနောက် သားများစံနမူနာနည်းပညာယူရသည့် ဇီဝဗေဒဆိုင်ရာဒြပ်စင်များအစားအစာတွင်ပါဝင်မူကြောင့် အစားအစာ နှင့်ပက်သက်သောကြီးမားသောအဆိပ်သင့်ခြင်းဖြစ်ပါသည် မီနာမာတာပင်လယ်အော်အတွင်းမှ ရေသတ္တ၀ါများကို စားသုံးမှုကြောင့်အဆိပ်သင့်သေဆုံးခဲ့ရသည့် ကြောင်များနှင့် လူအများကို စမ်းသပ်စစ်ဆေးခဲ့ရာ ခန္ဓာကိုယ်အတွင်းရှိ ကျောက်ကပ်နှင့် အသည်းများတွင် ပြဒါးဓာတ်များ မြင့်မားစွာပါဝင်နေကြောင်းတွေ့ရှိခဲ့ရသည်။
ယနေ့တိုင်အောင်ပြဒါးအဆိပ်သင့်သည့်ရောဂါဝေဒနာကိုခံစားနေရသူများရှိနေဆဲဖြစ်၍ ဆေးဝါးကျွမ်းကျင်သည့် ပညာရှင်များမှလူပေါင်း(၃၀၀၀၀)ခန့်ထိခိုက်ခဲ့ကြောင်းခန့်မှန်းခဲ့ပါသည်။ အသက်ရှင်လျှက်ရောဂါဝေဒနာခံစားနေရသူများ (၁၀၀၀၀)ကျော်မှ ရောဂါဖြစ်ပွားနေကြောင်း လျှောက်ထားခဲ့သော်လည်းဂျပန်အစိုးရမှလူပေါင်း(၂၃၀၀)ဦးသာရောဂါအမှန်တကယ်ဖြစ်ပွားနေ ကြောင်းလျော့နည်း လက်ခံအသိမှတ်ပြု ခဲ့ပါသည်။
လူအများကြွက်သားများသေခြင်း၊ခြေနှင့်လက်များလှုပ်ရှားမရပဲ သေကုန်ခြင်း၊သွက်ချာပါဒ ရောဂါများကိုများစွာရရှိခဲ့ခြင်းနှင့် သေဆုံးခဲ့သူများအထက်ပါစာရင်းတွင်မပါရှိခြင်း အစိုးရနှင့်တွေ့ ဆုံခြင်းမပြုသည့်သူများမည်မျှကျန်သည်ကိုမသိရှိနိုင်ခဲ့ခြင်းကြောင့် ဂျပန်အစိုးရအပေါ်ဝေဖန်ပစ်တင် မှုများကိုများစွာကြုံတွေ့ခဲ့ရ ပါသည်။
ပြဒါးအဆိပ်သင့်ခြင်းသည် တစ်ဦးတစ်ယောက်တည်းဖြစ်ပွားသည့်ကိစ္စရပ်မဟုတ်ပဲ လူအများ ကပ်ဘေးဆိုက်သည့် အကြီးအကျယ်ဖြစ်ပွားခဲ့သည့် အဆိပ်သင့်မှုကြီးဖြစ်၍ လူအများ၏ ကျန်းမာရေးကိုဂရုစိုက်ရန်ပျက်ကွက်သည့်အရေးကိစ္စဖြစ်ကြောင်း၊ အကယ်၍ချီဆိုကော်ပိုရေးရှင်း နှင့်ဂျပန်အစိုးရမှဆောလျှင်စွာအရေးယူဆောင်ရွက်မည်ဆိုပါက၊ အစားအစာငါးများတွင် ပြဒါးဓါတ် ကြောင့်အဆိပ်သင့်ခြင်းကိုလူအများသိရှိစေရန် သတိပေးနှိုးဆော်မည်ဆိုပါက ထိုမျှလောက်အထိ ရောဂါဝေဒနာခံစားရမှုများမရှိနိုင်ကြောင်း လျှော့နည်းနိုင်ကြောင်း ဝေဖန်ပြောဆိုကြပါသည်။ ထိုအရေးကိစ္စ ကပ်ဆိုက် သောကာလကိုရှောင်လွှဲနိုင်သည်များကို ချီဆိုကော်ပိုရေးရှင်းနှင့် အစိုးရတို့ကမိမိလုပ်ဆောင်ရမည့်အရေးကိစ္စဂရုစိုက်မှုများကိုပျက်ကွက်ခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ လူအများ၏ကျန်းမာရေးနှင့်ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုဂရုစိုက်မည်ဆိုပါကထိုကိစ္စမျိုးမဖြစ်ပေါ်လာ နိုင် ကြောင်းဟုဝေဖန်ပြောဆိုကြပါသည်။
ယနေ့အချိန်ထိဂျပန်အစိုးရနှင့်ချီဆိုကော်ပိုရေးရှင်းတို့သည် လူနာများ၊သေဆုံးခဲ့သူများ အတွက်ထောက်ပံ့နေရဆဲဖြစ်ပါသည်။ ချီဆိုကော်ပိုရေးရှင်းသည် ဒေါ်လာသန်းပေါင်း(၈၆)သန်းကို ရောဂါခံစားထိခိုက်နေသူများနှင့် မီနာမာတာ ပင်လယ်အော် သန့်ရှင်း ရေးအတွက် ပေးဆောင်သုံးစွဲရပြီး ဖြစ်ပါသည်။
ထိုပြဒါးအဆိပ်သင့်ရောဂါဖြစ်ပွားမှုများသည်ပတ်ဝန်းကျင်ညစ်ညမ်းမှုသာမကစီးပွားရေး၊ လူမှုရေးကိစ္စများအပေါ်တွင်ပါ ထိခိုက်စေခဲ့ပါသည်။
လူမှုရေးထိခိုက်မှုများအဖြစ် နှစ်စဉ်အချိန်ကြာမြင့်စွာကုသရမည့်လူနာများ၏ ၀န်ထုတ်ဝန်ပိုးနှင့် မမြင်နိုင်သေးသောခက်ခဲသည့်အကျိုးသက်ရောက်မှုများဖြစ်ပေါ်နေခြင်း၊ထိုဓါတုစက်ရုံစွန့်ပစ်ပစ္စည်းများကြောင့် လူနာများစိတ်ခံ စားရမှုများနှင့် လူအများ၏ စိတ်ထဲတွင် အမှတ်တရခံစားမှုများ ဖြစ်ပေါ်နေခြင်း ထိုဒေသတွင် နေထိုင်သူများ စိတ်ပိုင်းဆိုင်ရာရောဂါများ၊ စိတ်ဖိစီးမှုများနှင့် ကြုံတွေ့နေရခြင်း၊ အမြဲတစေကြောက်လန့်နေရမှု၊ ယုံကြည်မှုကင်းမဲ့ခြင်း၊ ရောဂါများမိမိတွင် ဘယ်တော့ဖြစ်မလဲဟု မကြာခဏ တွေးတောနေခြင်းများ ဖြစ်နေကြပါသည်။
စီးပွားရေးအရထိခိုက်မှုများအဖြစ်ငါးလုပ်ငန်းစက်ရုံများဆုံးရုံးပျက်စီး၍အလုပ်လက်မဲ့ဆင်းရဲ သူများတိုးလာခြင်း၊ ထိုရောဂါကြောင့် ထိခိုက်ရောဂါရရှိသူများကိုအချိန်တာရှည်စွာကုသရခြင်း၊ ပြုစုစောင့်ရှောက်ရခြင်းတို့ကြောင့်ကုန်ကျစရိတ်များ ဖြစ်ပါသည်။
သဘာဝပတ်ဝန်းကျင်အပေါ်ထိခိုက်သက်ရောက်မှုများအဖြစ်ပင်လယ်အော်ဒေသနှင့်တိရိစ္ဆာန်များပြဒါးဆိပ်သင့် ခြင်းကိုတွေ့ကြုံနေရပါသည်။ ထို့ပြင်ပြဒါးအဆိပ်များကိုကုန်စင်ရန် ဖယ်ရှား နေရခြင်းတို့ကြောင့်ကုန်ကျစရိတ်များ၊များပြားလှပါသည်။အထက်ပါမီနာမာတာပြဒါးအဆိပ်သင့် ခြင်းမှ စတင်၍(၁၉၇၀)ခုနှစ်တွင်ဂျပန်အစိုးရမှရေထုညစ်ညမ်းမှု၊ ရေထဲတွင်အဆိပ်အတောက် ပါဝင်မှုကို ထိန်းချုပ်ရန်ဥပဒေပြဌာန်းခဲ့ပါသည်။ ၁၉၅၀ခုနှစ်မှ၁၉၇၀ခု နှစ်တိုင်အောင် နှစ်ပေါင်း၂၀ကြာမှ မီနာမာတာပြဒါးအဆိပ်သင့်ခြင်းကို ဖြေရှင်းနိုင်ခဲ့ပါသည်။ သို့သော်လည်း နာတာရှည်ရောဂါများခံစား သေဆုံးခဲ့သည့်လူများများစွာအတွက်တော့ဝမ်းနည်းစရာအလွန် ကောင်းပါသည်၊ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းရေးသည်ကမ္ဘာ့လူသားများအဓိကရင်ဆိုင်တွေ့ကြုံနေရသည့် ကိစ္စများဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင်သန့်ရှင်းမှုတည်တံ့ ရေးနှင့်ညစ်ညမ်းမှုမဖြစ်စေရေးသည် အလွန်အရေးကြီးပါသည်။ အထက်ပါမီနာမာတာပြဒါးအဆိပ်သင့်သည့်အဖြစ် အပျက်သည် လူသားများ၏ အရေးပါသောနေထိုင်မှုဘ၀ဖြစ်စဉ်များကို သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကြောင့် ပျက်သုဉ်း စေနိုင်ကြောင်းကို သတိပေးနေသောသင်ခန်းစာယူသင့်သည့် အဖြစ်အပျက် များဖြစ်ပါသည်။
ထိုသင်ခန်းစာယူသင့်သည့် မီနာမာတာပြဒါးအဆိပ်သင့်ခြင်းသည် သဘာဝပတ်ဝန်းကျင်မပျက်စီးစေ ရေးအအတွက်၊ ထိန်းသိမ်းစောင့်ရှောက်တတ်ရန်၊ လူသားများအားတွန်းအားပေးသည့် အင်အားတစ်ခုပင်ဖြစ်ပါလိမ့်မည်ဟုထင်မြင်မျှော်လင့်မိပါသည်။
မြန်မာနိုင်ငံ၏သဘာဝပတ်ဝန်းကျင်မပျက်စီးစေရေး၊ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်နှင့်
မိမိအကျိုး စီးပွားတစ်ခုတည်းကိုမကြည့်ပဲ၊ သဘာဝသစ်ပင်တောတောင် မြစ်ချောင်းများကို မြတ်နိုးချစ်ခင်တတ်ပြီး တည်တံ့နိုင်ရေး၊ မပျက်စီးစေရေးအအတွက်၊ အသိတရားစိတ်များ လူတိုင်းတွင်ရှိစေဘို့ ရည်ရွယ်ပြီး ရေးသားအပ် ပါသည်။
စွမ်းထက်နောင်
ပို့ဆောင်ရေးသတင်းဂျာနယ် The Transport News Journal နှင့် 
My Way Technology & Management Journal တို့တွင်ဖေါ်ပြပြီး