Friday, January 10, 2014

အာဆင်းနစ် အဆိပ်သင့်ခြင်း (ARSENIC POISONING)


အာဆင်းနစ် အဆိပ်သင့်ခြင်း (ARSENIC POISONING)

အာဆင်းနစ် အဆိပ်သင့်ခြင်းသည် ကမ္ဘာတစ်ဝှမ်းတွင် ကြုံတွေ့နေရသော လူအများ၏ ကျန်းမာရေးကို ထိခိုက်မှုကို ဖြစ်စေသည့် ပြဿနာတစ်ရပ် ဖြစ်ပါသည်။ သဘာဝ အလျှောက် မြေအောက်ရေ၌် အာဆင်းနစ် အဆိပ်များ ပါဝင်နေတတ်ပြီး ထိုရေကို လူအများ သောက်သုံးမှုကြောင့် လူ၏ ခန္ဓာကိုယ်အတွင်းသို့ အာဆင်းနစ် အဆိပ်များ ရောက်ရှိပြီး ရောဂါများ ဖြစ်ပွားရပါသည်။ လူ၏ ခန္ဓာကိုယ် အတွင်းသို့ အာဆင်းနစ် ရောက်ရှိမှု ပမာဏ အနည်းအများ ပေါ်တွင် မူတည်၍ ရောဂါ အပြင်းထန် ရရှိမှု၊ နာတာရှည် ကျန်းမာရေး ချို့ယွင်းမှုများ ဖြစ်ပေါ်ရပါသည်။

အာဆင်းနစ်သည် မြေကြီးနှင့် မြေအောက် ရေထဲတွင် သဘာဝအလျောက် ဖြစ်ပေါ်နေသော သတ္တုဒြပ်စင် (semi metal) တစ်ခု ဖြစ်ပါသည်။ သတ္တု ဓါတုပစ္စည်းအဖြစ် တစ်ကမ္ဘာလုံးတွင် တွေ့ရှိရ၏။ သတ္တုဓါတ်များ သတ္တုပစ္စည်း အရည်အသွေးကို ပိုင်ဆိုင်ထားပြီး အပူချိန် ဒီဂရီ အနည်းအငယ်တွင် သတ္တု အသွင်သဏ္ဍာန် အတိုင်း ဖြစ်ပြီး အခြား ရွှေငွေ သတ္တုများကဲ့သို့ ပုံသဏ္ဍာန် ပြောင်းလဲမရသော သတ္တုဒြပ်စင် ဖြစ်ပါသည်။ အာဆင်းနစ်သည် မြေအောက်ရေတွင် အာဆင်းနစ် အက်စစ် (Arsenic Acid) အဖြစ် ပါဝင်နေ တတ်ပါသည်။ ဟိုက်ဒရို ကလိုရစ် အက်စစ်၊ ဆာဖြူရစ် အက်စစ် များကဲ့သို့ အရေပြားကို လောင်ကျွမ်းနိုင်သည့် အက်စစ်မျိုးကဲ့သို့ မဟုတ်ပါ။

မြေအောက်ရေတွင် အာဆင်းနစ် ပါဝင်မှု အနည်းအများမှာ ပထ၀ီဝင် အနေအထားနှင့် ဆက်နွယ်မှု ရှိပါသည်။ ပထ၀ီဝင် အနေအထားအရ အာဆင်းနစ်ကို တွေ့ရှိရသော ကမ္ဘာ့နိုင်ငံများမှာ အာဂျင် တီးနား၊ ဘင်္ဂလားဒေ့၊ ချီလီ၊ တရုတ်၊ အိနိယ၊ ထိုင်း၊ မက်စီကို၊ အမေရိက၊ တို့ဖြစ်ပါသည်။

မြန်မာနိုင်ငံ၌ မည်သည့် နေရာဒေသ များ၌် အာဆင်းနစ်ရှိကြောင်း သေချာ မသိရှိသေးသော်လည်း ဧရာဝတီတိုင်း ကျောင်းကုန်း၊ ကျုံပျော်၊ ဟင်္သာတ၊ သာပေါင်းနှင့် ရေကြည်မြို့နယ် စသည့် ဒေသများတွင် သောက်သုံး ရေတွင် အာဆင်းနစ် ပါဝင်နေကြောင်း သိရှိရပါသည်။

၂၀၀၇ ခုနှစ်တွင် လေ့လာမှုများအရ ကမ္ဘာ့နိုင်ငံပေါင်း ခုနစ်ဆယ်ကျော်မှ လူများ ၁၃၇ သန်းကျော်သည် သောက်သုံး ရေများ တွင် အာဆင်းနစ် ပါဝင်မှုကြောင့် အာဆင်းနစ် အဆိပ်သင့်ခြင်း ရောဂါများကို ခံစားနေရကြောင်း၊ ကမ္ဘာ့နိုင်ငံ များ၏ ၁၆ ရာခိုင်နှုန်းသည် ညစ်ညမ်းသော အာဆင်းနစ် အဆိပ်ဓါတ် ပါဝင်သော ရေများကို သုံးစွဲ နေရ ကြောင်း၊ ၁၉၆၀ ခုနှစ်မှ ၁၉၇၅ ခုနှစ် အတွင်း သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ၀မ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပြီး နှစ်စဉ် ငါးနှစ်အောက် ကလေးငယ်များ တစ်သိန်းကျော် သေဆုံးနေရကြောင်း သိရှိရပါသည်။

အာဆင်းနစ်သည် အနံ့အရသာ မရှိပါ။ မြေကြီးထဲနှင့် မြေအောက်ရေများအတွင်း  သဘာဝအလျောက် ပါဝင်ြ့ပီး စိုက်ပျိုးရေး လုပ်ငန်းများ၊ ဖန်မှန် လုပ်ငန်းများ၊ လျှပ်စစ် အီလက်ထနစ် ပစ္စည်းများ ထုတ်လုပ်မှု လုပ်ငန်းစသည့် စက်ရုံ အလုပ်ရုံများမှ စွန့်ပစ်သော ဘေးထွက် ပစ္စည်းတွင်လည်း ပါဝင်ပါသည်။

အာဆင်းနစ်ကို သင်္ဘောဆေး၊ သုတ်ဆေးများ၊ အရောင်ဆိုးဆေး၊ ပိုးမွှားသတ်ဆေးများ ထုတ်လုပ်ခြင်း၊ ဆေးဝါးနှင့် ဆပ်ပြာ၊ သတ္တုလုပ်ငန်းနှင့် စီမီး ကွန်ဒက်တာ (Semi-conductor) များတွင် အသုံးပြုကြပါသည်။ ထို့ပြင် စိုက်ပျိုးရေး လုပ်ငန်းများတွင် ပိုးသတ်ဆေးအဖြစ် အသုံးပြုကြပြီး၊ သတ္တု တူးဖော်ရေးလုပ်ငန်း များနှင့် သတ္တုရည် ကြိုသည့် လုပ်ငန်းများ မှလည်း အာဆင်းနစ် အဆိပ် ထွက်ရှိနိုင်ပါသည်။  အာဆင်းနစ် အဆိပ်သင့်ခြင်းကို ကာကွယ်ကုသခြင်း မပြု ပါက အသက် သေဆုံးနိုင်ပါသည်။

အာဆင်းနစ် အဆိပ်သင့်ခြင်း ရောဂါ လက္ခဏာများ

အာဆင်းနစ် အဆိပ်သင့်ကြောင်း စတင်ရောဂါလက္ခဏာပြသမှုများမှာ ခေါင်းကိုက်ခြင်း၊ ခေါင်းရှုပ် နေခြင်း၊ စိတ် ကမောက်ကမ ဖြစ်ခြင်း၊ အိပ်ငိုက်ခြင်း၊ ၀မ်းသွား ၀မ်းလျှောခြင်းတို့ ဖြစ်ပါသည်။ အဆိပ်မိခြင်း၊ ကျယ်ပြန့် ဆိုးဝါး လာပါက ခန္ဓာကိုယ် အကြောဆွဲခြင်း၊ တက်ခြင်း၊ အရေပြား ထူလာခြင်း၊ အရေပြား အရောင်အသွေးနှင့်၊ လက်သည်း ခြေသည်းများ အရောင်ပြောင်း လာတတ်ပါသည်။

အရောင်ပြောင်းခြင်းသည် သွေးဖြူဥ ပိုမိုများလာခြင်း (Leukonychia Striata) ကြောင့် ဖြစ်ပါသည်။ ထို့ပြင် ပါးစပ်ထဲတွင် သတ္တုအရသာ ပေါ်နေခြင်း အစာမြိုချရ ခက်ခဲခြင်း ပျို့အန်ခြင်း၊ ဆီးထဲတွင် သွေးပါခြင်း၊ ကြွက်သားများ လှုပ်ရှားမှုကို အဟန့်အတား ဖြစ်စေခြင်း၊ မလှုပ်ရှားနိုင် တော့ခြင်း ခြေလက်များ ထုံကျင်ခြင်း၊ သွက်ချာပါဒ ရောဂါ ခံစားရခြင်း ဆံပင်ကျွတ်ခြင်း၊ ဗိုက်နာခြင်းများ ဖြစ်ပေါ်တတ်ပါသည်။

အာဆင်းနစ် အဆိပ်သင့်ခြင်းသည် ခန္ဓာကိုယ် အစိတ်အပိုင်းများဖြစ်သော အဆုတ်၊ ကျောက်ကပ်၊ အသည်း၊ နှလုံးနှင့် အရေပြားတို့ကို အဓိက ထိခိုက် ခံစားစေပါသည်။ နှလုံးကို ထိခိုက်စေပြီး သွေးတိုးရောဂါ၊ လေဖြတ်ခြင်း၊ အသက်ရှူလမ်းကြောင်း ရောဂါ ဖြစ်ပွားခြင်း၊ ဆီးချိုရောဂါနှင့် ကင်ဆာရောဂါ များကိုလည်း ဖြစ်ပွားစေ နိုင်ပါသည်။

အာစင်းနစ်ကြောင့် ရောဂါဖြစ်ပွားမှုကို သွေးဖေါက်စစ်ခြင်း၊ ဆီးစစ်ခြင်း၊ ဆံပင်၊ လက်သည်း၊ ခြေသည်းများ စစ် ဆေးခြင်းဖြင့် သိရှိနိုင်၏။

    နာတာရှည်ရောဂါများအဖြစ် ခန္ဓာကိုယ်အတွင်း ဗီတာမင်အေ ချို့တဲ့မှု ဖြစ်စေပြီး နှလုံးရောဂါ ဖြစ်ပွားခြင်း၊ ကြက် မျက်သင့်ခြင်း၊ ညဘက် မျက်စိမမြင်ခြင်း ရောဂါ (Night blindness) ကိုပါ ခံစား ရနိုင်ပါသည်။ သောက်သုံးရေမှ အင်အော်ဂဲနစ် အာဆင်းနစ်သည် ၇၀ မှ ၂၀၀ မီလီဂရမ် ခန္ဓာကိုယ်အတွင်း ရောက်ရှိပါက သေဆုံးနိုင်ပါသည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း (WHO) မှ သောက်သုံးရေတွင် အာဆင်းနစ် ရေတစ်လီတာတွင် ၀.၀၁ မီလီ ဂရမ် (0.01mg/L) ထက် မပိုသင့်ကြောင်း သတ်မှတ်ထားပါသည်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့မှ လူအများ၏ ကျန်းမာရေး မထိခိုက် စေရေးအတွက် တိုင်းတာရေး ပစ္စည်းကိရိယာ များဖြင့် သုတေသန ပြုထား ခြင်းဖြစ်ပါသည်။

အာဆင်းနစ် ပမာဏများစွာ ပါဝင်သော ရေကို သောက်သုံးမှုကြောင့် များစွာသော လူအများ အဆိုးဝါးဆုံး အာဆင်းနစ် အဆိပ်သင့်ခြင်း ဘင်္ဂလားဒေ့နိုင်ငံတွင် ဖြစ်ပွားခဲ့ပါသည်။ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုများ သမိုင်းတွင် လူအများ အကြီးမားဆုံး အဆိပ်သင့်ခြင်းဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှ ခေါ်ဆို သတ်မှတ်ခဲ့ပါသည်။

          သတ္တုတူးဖော်ရာတွင် အသုံးပြုသော နည်းလမ်းတစ်ခု ဖြစ်သည့် ရေဖိအားသုံး ကိရိယာများကို အသုံး ပြု၍ သတ္တုများကို ဖယ်ရှား ပြိုကွဲစေခြင်းသည်လည်း မြေအောက်ရေ အတွင်းသို့် အာဆင်းနစ် ရောက်ရှိစေပါသည်။ မြေကြီးအတွင်းသို့် အာဆင်းနစ် ရောက်ရှိပါက၊ သဘာဝ ပတ်ဝန်းကျင် အခြေအနေ များကိုပါ ပြောင်းလဲစေ၍ မြေကြီးထဲတွင် အက်စစ်ဓါတ် လွန်ကဲစေပြီး သစ်သီးဝလံ၊ အပင်များထံသို့ အာဆင်းနစ် ၀င်ရောက်စေပါသည်။

အာဆင်းနစ်ကို ထင်ရှားသော ပိုးသတ်ဆေးအဖြစ် နိုင်ငံများတွင် အသုံးပြုနေဆဲ ဖြစ်ပါသည်။ စိုက်ပျိုးရေး လုပ်ငန်းများ၊ သတ္တုရည်ကြို လုပ်ငန်းများ ဖြစ်သည့် ခဲ၊ ရွှေ သွပ်ရည်ကြို လုပ်ငန်း၊ ကြေးနီရည်ကြို လုပ်ငန်း များမှလည်း အာဆင်းနစ် အဆိပ် ထွက်ရှိမှုကြောင့် ထို လုပ်ငန်း လုပ်ကိုင်ကြသော လုပ်သားများလည်း အဆိပ်သင့် နိုင်ပါသည်။

အာဆင်းနစ် ပါဝင်သော မြေကြီးမှ ထွက်ရှိသော စပါးတွင် အာဆင်းနစ် ၂၆၀ ပီပီဘီ (260 PPb) ပျမ်းမျှ ပါဝင်မှု ရှိကြောင်း တွေ့ရှိ ရပါသည်။ စီးပွားဖြစ် မွေးမြူသော ကြက်များတွင်လည်း အားဖြည့်ပစ္စည်း ဖြစ်သော အလေးချိန် တိုးဆေးနှင့် ကြက်သား အရေပြား အရောင်လှပစေရေး ဆေးများ၊ (Roxarsone နှင့် Nitrasone) နိုက်ထရိုက် ပါဝင်သော ဓါတ်ပစ္စည်း များကြောင့်လည်း အာဆင်းနစ် ဓါတ်များ အစားအစာတွင် ပါဝင်တတ်ပါသည်။

          အာဆင်းနစ်ကို လွန်ခဲ့သော နှစ်ပေါင်း ၂၄၀၀ ကျော်မှ စတင်၍ နိုင်ငံအသီးသီးတွင် ဆေးဝါးအဖြစ် တရုတ် တိုင်းရင်းဆေးများအဖြစ် သုံးစွဲခဲ့ပါသည်။ အနောက်တိုင်းတွင် အာဆင်းနစ် ဓါတ်ပေါင်းကို ပင်နီစလင်ဆေးဝါးနှင့် ဆာလဖာဆေးဝါးမပေါ်မီက ဆစ်ဖလစ် ကာလသားရောဂါ ကုသရေးအတွက်နှင့ိ ပဋိဇီဝ ဆေးဝါးအဖြစ် များစွာ အသုံးပြုခဲ့ကြပါသည်။

အားတိုးဆေးများတွင် သော်လည်းကောင်း၊ အခြားဆေးဝါးများတွင် မှုလဆေးဝါး (မပါမဖြစ်ဆေးဝါး) အဖြစ် သော်လည်းကောင်း ဖေါ်စပ် အသုံးပြုခဲ့ကြပါသည်။ ဗါနီကာ ရှာလကာရည်များတွင်လည်း ရောစပ်ကြပါသည်။ အသားအရေ လှပဖြူဝင်းရန်နှင့် အရေပြား မတွန့်ရန် ဆေးများအဖြစ် မြေဖြူများဖြင့် ရောစပ် အသုံးပြုခဲ့ကြပါသည်။

သို့သော် အာဆင်းနစ်ကို သွေးကြောများမှ စုပ်ယူတတ်ကြောင်း တွေ့ရှိခဲ့သဖြင့် သုံးစွဲမှု ရပ်တန့်ခဲ့ပါသည်။ ရောင်စုံ ဆေးများအနက် အလွန်ကျော်ကြားသော အစိမ်းရောင်ခြယ်ဆေးသည် အာဆင်းနစ်ကွန်ပေါင်းကိုအခြေခံ ဖေါ်စပ်ထားခြင်း ဖြစ်ပါသည်။ တစ်ခါတစ်ရံ ပန်းချီဆေးရောင်ခြယ်လုပ်ငန်းများဖြင့် လုပ်ကိုင်ခဲ့သော အနုပညာသည်များကိုလည်း အဆိပ်အတောက်ဖြစ်စေကြောင်း တွေ့ရှိရပါသည်။

          ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၁၉၇၀ခုနှစ်မှ ၁၉၇၅ခုနှစ်အတွင်း အမ်ဂျီအို (NGO) အဖွဲ့အစည်းများမှ အ၀ီစိတွင်းပေါင်း ၇.၅သန်းကို တူးဖော်ပေးခဲ့ကြပါသည်။ ၁၉၉၀ခုနှစ်တွင် လူဦးရေထူထပ်သောနေရာ များတွင် ပေ၃၀၀နက်သော အ၀ီစိတွင်းများကို တူးဖော်ခဲ့ပါသည်။ ထိုအ၀ီစိတွင်း ၁၀သန်းအနက် အချို့ အ၀ီစိတွင်းများ၏ ရေများသည်။  သန်း ၇၀ သော လူအများကို အဆိပ်သင့်စေခဲ့ပါသည်။ မြေကြီးအတွင်းမှ သောက်သုံးရေ ရရှိရန် တူးဖော်ခြင်းကြောင့် အောက်ခြေ ကျောက် လွှာအတွင်း၌ ရှိနေသော အာဆင်းနစ်များ ရေထဲတွင် ပါဝင်သွားခြင်းဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းမှ သောက်သုံးရေတွင် အာဆင်းနစ် ပါဝင်မှု ပမာဏကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွက် ရေတစ် လီတာတွင် ၀.၀၅ မီလီဂရမ် (0.05mg/L) အတွက် သတ်မှတ်ပေးထားခဲ့သော်လည်း မြောက်အမေရိကနှင့် ဥရောပ နိုင်ငံများအတွက်၊ ၀.၀၁ မီလီဂရမ် (0.01mg/L) သာ သတ်မှတ် ထားပါသည်။

၁၉၉၈ခုနှစ်တွင်ဗြိတိသျှပထ၀ီတိုင်းတာလေ့လာ ရေးအဖွဲ့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ၆၁ခရိုင်၏ အ၀ီစိအတွင်းများအား အာဆင်းနစ်ပမာဏပါဝင်မှုကို တိုင်း တာခဲ့ရာ ဥရောပနိုင်ငံများ စံနှုန်း 0.01mg/L ထက် ၄၆% ရာခိုင်နှုန်း ပိုမိုမြင့်မားနေပြီး ဘင်္ဂလားဒေ့ရှ် စံနှုန်း  (0.05mg/L)ထက် ၂၇%မြင့်မားနေကြောင်း တွေ့ရှိရ ပါသည်။

အာဆင်းနစ်သည် အဆိပ်တစ်မျိုးဖြစ်ပါသည်။ ၁၂၅မီလီဂရမ်မျှ စားသုံးမိပါက သေဆုံးနိုင်ပါသည်။ မာကျူရီ ပြဒါးအဆိပ်သင့်ခြင်းထက် လေးဆပိုမိုပါသည်။ အာဆင်းနစ်ပါဝင်သောရေကို တာရှည်စွာ သောက်သုံးရပါက အာဆင်းနစ်ကို စစ်ရောဂါ (Arsenicosis) ဖြစ်ပွား၍ အထွေထွေ ကျန်းမာရေး ချို့ယွင်းမှု ဖြစ်ပေါ်ပြီး အရေပြားပြဿနာများဖြစ်သည့် အရေပြားအရောင်ပြောင်းလဲခြင်း၊ လက်ဖ၀ါးနှင့် ခြေဖ၀ါးပေါ်တွင် မာကြောသောဒဏ်ရာအကွက်များကို တွေ့မြင်ရ၏။ အရေပြား၊ ဆီးအိမ်၊ ကျောက်ကပ်၊ အဆုတ် ကင်ဆာနှင့် သွေးကြော များရောဂါဖြစ်ပွားနိုင်ပါသည့်အပြင် သွေးကြောများ ရောဂါရရှိခြင်းကြောင့် (ခြေထောက်အမဲရောင်ရောဂါ) Black Foot Disease  လည်း ဖြစ်ပွားနိုင်ပါသည်။

        အာဆင်းနစ်အဆိပ်သင့်ခြင်းသည် ဖြစ်ပွားစတွင် ရောဂါလက္ခဏာပြသမှုမရှိဘဲ ရောဂါဖြစ်ပွားပြီး ၅နှစ်မှ ၁၅နှစ်အတွင်းကြာမှ အာဆင်းနစ်ကိုယ်ခန္ဓာအတွင်း ၀င်ရောက်မှု အနည်းအများအပေါ်မူတည်၍ ရောဂါလက္ခဏာ ပြတတ်ပါသည်။ ခန့်မှန်းချက်အရ ဘင်္ဂလားဒေ့နိုင်ငံတွင် ၂၅သန်းမှ ၇၇သန်းသောလူများသည် ရေတွင်ပါဝင်သောအာဆင်းနစ်အဆိပ်သင့်ခြင်းရောဂါကိုခံစားနေရကြောင်း သိရှိရပါသည်။

မြေအောက်နက်နက်တူးသောရေများတွင် အာစင်းနစ်နည်းပါးသည်ကိုတွေ့ရခြင်းကြောင့် ဘင်္ဂလားဒေ့အစိုးရက အာဆင်းနစ်ဓာတ်ပါဝင်မှုနည်းပါးသော မြေအောက်ရေကိုရရှိရန် ၂၀၀ မီတာထက်ပိုနက်သော အ၀ီစိတွင်းများကို တူးဖော်ရန်နှင့် မိုးရေကိုအသုံးပြုရန်နှင့် မိုးရေများတွင် ခြင်မပေါက်ပွားရန်သတိပြုစေ၍၊ ရေသန့်ကိရိယာများကို အသုံးပြုခြင်း၊သောက်သုံးရေစမ်းသပ်စစ်ဆေးခြင်းရေကန်များမှရေကိုလည်း သန့်ရှင်းရန် စစ်ယူခြင်း၊ ဓာတုဗေဒနည်းဖြင့် ပြုပြင်ခြင်းဖြင့် အသုံးပြုရန် ညွှန်ကြားထားခဲ့ပါသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက အာဆင်းနစ်သည် ကင်ဆာဖြစ်စေသော ပစ္စည်းအဖြစ်သတ်မှတ်ထား သည်။ သုတေသနပြုမှုအရ အာဆင်းနစ်ပါဝင်သည့် ရေကို သောက်သုံးရသောဒေသများ မှလူများသည် ဆီးအိမ်၊ အဆုတ်၊ အရေပြားကင်ဆာတို့ ဖြစ်ပွားတတ်ကြောင်းကို တွေ့ရှိရပါသည်။ ထို့အပြင်အရေပြားပြဿနာများ၊ သွေးလည်ပတ်မှုစနစ်၊ပင်ကိုခုခံအားစနစ်နှင့်အာရုံကြောစနစ်များကို ပျက်စီးထိခိုက်စေပါသည်။ အာဆင်းနစ်ပါသောရေကို ရေချိုးသန့်စင်သုံးစွဲခြင်းကြောင့်လည်း ခန္ဓာကိုယ် အတွင်းသို့ ရောက်ရှိစေနိုင်ပါသည်။

လယ်ယာဥယျာဉ်စိုက်ပျိုးရေး၊သီးနှံများစိုက်ပျိုးခြင်းလုပ်ငန်းများ၊ရေပေးဝေခြင်းလုပ်ငန်းနှင့် အ၀တ်လျှော် ဖွပ်ရန်ရေများ တွင်လည်း အာဆင်းနစ်ဓါတ် ကင်းစင်ရန် လိုအပ်ပါသည်။ အစားအသောက်များ၊ အထူးသဖြင့် ပင်လယ်စာများတွင်လည်း အာဆင်းနစ်ဓါတ်ပါ ၀င်တတ်ပါသည်။ ကျောက်ဖြစ် ရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းခြင်းနှင့် သတ္တုအရည်ကျိုသည့် လုပ်ငန်းများမှ အာဆင်းနစ်ဓာတ်ငွေ့များထွက်ရှိပြီး လေထဲပျံ့လွင့်မှုကြောင့် ထိုလေကို ရှုရှိက်ရသော လူများအား ကျန်းမာရေးထိခိုက်နိုင်ပါသည်။

သစ်များတာရှည်ခံရန် အာဆင်းနစ်များကိုပိုးသတ်ဆေးအဖြစ် အသုံးပြုခြင်းနှင့် ထိုသစ်များကို ဖြတ်တောက်ခြင်း၊ ရွေဘော်ထိုး၊ ကော်ပတ်စားခြင်း တို့မှလည်း အာဆင်းနစ်များ ထွက်ရှိနိုင်ပါသည်။ ပိုးမွှားသတ်ဆေးအဖြစ် သုံးစွဲမှုကြောင့် မြေကြီးထဲသို့ရောက်ရှိ နိုင်ပါသည်။ အာဆင်းနစ်သည် လူများထံ သို့ ရေ၊ လေ၊ အစားအသောက်မှတစ်ဆင့် ရောက်ရှိနိုင်၏။ အာဆင်းနစ်ပါဝင်သော ရေကိုအငွေ့ပျံစေပြီး ပေါင်းခံခြင်းဖြင့်လည်း သန့်ရှင်းစေနိုင်ပါသည်။ ရေကို ကြိုချက်ခြင်းဖြင့် အာဆင်း နစ်ဓါတ်ကို မဖယ်ရှားနိုင်ပါ။

မိမိသောက်သုံးနေသောရေများတွင်အာဆင်းနစ်ဓါတ်ပါဝင်မှုရှိမရှိစမ်းသပ်စစ်ဆေးသင့်ပါသည်။ ပါဝင်ပါကရေကို သန့်စင်ပြီးမှသာသုံးစွဲရပါမည် ရေတစ် လီတာ တွင် အာဆင်းနစ်ပါဝင်မှုကို မီလီဂရမ်၊ပီပီအမ် mg/L (milligram per litre) = ppm (part per million)။ ရေတစ်လီတာ တွင် အာဆင်းနစ်ပါဝင်မှုကို မိုက်ခရို ဂရမ်၊ပီပီဘီ (သို့မဟုတ်) µg/L (microgram per litre) = ppb (part per billion)ဖြင့်တိုင်းတာပါသည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှသတ်မှတ် ထားသောသောက်သုံးရေတွင်အာဆင်းနစ်ပါဝင်မှုအများဆုံးကို0.01gm/L=10µg/L=10ppbဟုသတ်မှတ်ထားပါသည်။ အာဆင်းနစ်သည် ရေထဲတွင် ပုံသဏန် ၂ မျိုးဖြင့် အောက်စီဂျင် ရရှိမှု ပေါ်မှုတည်ပြီး အာဆင်းနိုက် As(3)=H3AsO3, နှင့် အာဆင်းနိုတ် As(5)=H2AsO4အဖြစ် ပါဝင်နေတတ်ပါသည်၊

ကျဉ်းမြောင်းသော ပိုက်အ၀ိစီတွင်းမှ ထွက်သောရေသည် အောက်စီဂျင် ရရှိမှုနည်းပါးသည့် As(3)=H3AsO3 အာဆင်းနစ် ပါဝင်သောရေဖြစ်ပါသည်။ ပီအိပ် ၄ မှ ၁၀ အတွင်း ရှိတတ်ပါသည် As(5)=H2AsO4 သည် အောက်စီဂျင်ဖြင့် ထိတွေ့ပြီး အာဆင်းနိုတ်ဖြစ်ပါသည်၊ အာဆင်းနစ် ပါဝင်သော ရေကို သန့်စင်ရန်အာဆင်းနိုက်As(3)ကိုအာဆင်းနိုတ်As(5)ဖြစ်ရန်ပထမဦးစွာ အောက်စီဂျင်ဖြင့်ထိတွေ့စေရ ပါသည်။ အာဆင်းနစ်ပါဝင်သောရေကို လေထုဖြင့် ထိတွေ့စေရန် ရေပန်းရေအမှုန်အမွှားအဖြစ် ပြုလုပ်ခံယူရပါသည်။ ဒုတိယဆင့်အဖြစ် အာဆင်းနိုတ်As(5)ကိုသံအောက်ဆိုက် (Hydrous ferric oxide) နှင့် ဓာတ်ပြု ဖယ်ရှားကာ သဲ မီးသွေး တို့ဖြင့် ဖြတ်သန်းပြီး ရေသန့်ကို ရရှိစေ ပါသည်။ (H2AsO4+FeOH=FeHAsO4+H2O)

သောက်သုံးရေမှ အာဆင်းနစ်ဖယ်ရှားရန် ရေသန့်သည့်စံနစ်များ အမျိုးမျိုးရှိပါသည်။ အကျဉ်းအားဖြင့် အောက်ပါအတိုင်း ဖြစ်ပါသည်။
(Reverse Osmosis Systems) (Anionic Exchange Systems) (Iron Oxide Filter Systems) (Activated Alumina), (Iron Exchange), (Electrodialysis Reversal), (Nanofiltration), (Iron Addition Coagutation with Direct Filtration)

အထက်ပါရေသန့်စံနစ်များကိုမသုံးစွဲနိုင်သည့်ဒေသများတွင်အာဆင်းနစ်ပါဝင်သောရေကိုလေထုဖြင့် ထိတွေ့စေခြင်း၊ သံအောက်ဆိုက်ဖြင့် ထိတွေ့စေခြင်းဖြင့် အာဆင်းနစ်ကို ဖယ်ထုတ်နိုင်ပါသည်။ ထိုမှတစ်ဆင့်၊ သဲမီးသွေးတို့ဖြင့် ဖြတ် သန်းပြီး ရေသန့်ကို ရရှိစေနိုင်သော နည်းလမ်းဖြင့် ငွေကုန်ကြေးကြ နည်းပါးစွာ လုပ်ဆောင်နိုင်ပါသည်။

မိမိအိမ်သုံးရေသန့်ပုံစံကိုလွယ်ကူစွာလုပ်ဆောင်နိုင်ရန်ဖေါ်ပြအပ်ပါသည်အချို့တိုင်းပြည်များတွင် ကျန်းမာရေးပြဿနာ များထုတ်ဖေါ်နိုင်မှုနှေးကွေးခြင်း၊ သတင်းပို့မှုနှေးကွေးခြင်းကြောင့် မိမိကိုယ်မိမိအာဆင်းနစ်ကြောင့်ရောဂါများ ခံစားနေရကြောင်းမသိရှိကြပါ။ လူအများအာစင်းနစ်ရောဂါ ခံစားနေရကြောင်း စောစီးစွာသိရှိပြီး ကာကွယ်ကုသနိုင်ရန် ကျန်းမာရေးစောင့်ရှောက်သည့် လုပ်သားများ၊ လိုအပ်သကဲ့သို့ ကျန်းမာရေး အသိပညာ တိုးတက်ပြီး ရောဂါများကို မည်ကဲ့သို့ ရှောင်ရှားရမည်။ အာဆင်းနစ်၏ အန္တရာယ်ကို သိရှိ ရှောင်ကြဉ်စေရန် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရပါမည်။

ရေသည် လူသားများဘ၀အတွက် မရှိမဖြစ် လိုအပ်သော ကျန်းမာရေးအတွက် အလွန်အရေးကြီးသည့် အရာဖြစ်ပါသည်။ သောက်သုံးရေ ရှားပါးသည့် ဒေသများ၊  ရေကောင်းရေသန့် လျော့နည်းနေသည့် မြစ်ချောင်းများ၊မှ ရေကိုသုံးစွဲနေကြရသည့် လူများ၊ ကျန်းမာရေးနှင့် ညီညွတ်သည့် ရေကောင်းရေသန့် ရရှိရေးသည် ဆောလျင်စွာ ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ပါသည်။






ပလစ်စတစ်ပုံး (အချင်း ၃ပေ ၊ အမြင့် ၃ ပေ ၆ လက်မ) ကို အသုံးပြုနိုင်ပါသည်။


                                                                          
စွမ်းထက်နောင် (ဦးဝင်းဆွေ) ဖုန်း ၆၄၁၀၅၁


No comments:

Post a Comment