Wednesday, January 15, 2014

တစ်ခါတုံးက အစိုးရ စက်မှုလက်မှု သိပ္ပံ G.T.I အင်းစိန်



“တစ်ခါတုံးက အစိုးရ စက်မှုလက်မှု သိပ္ပံ G.T.I အင်းစိန်”

            တစ်ခါတုံးက ကျွန်တော်တို့၏ အစိုးရ စက်မှုလက်မှုသိပ္ပံ G.T.I အင်းစိန်ကို ဒီအတိုင်းဘဲ ပစ်ထားတော့ မှာလားလို့ မေးချင် သိချင်နေတာ ကြာပါပြီ။ မေးခွင့် သိခွင့်လေး အထိုက်အလျောက် ရပြီလို့ ယူဆပြီး တင်ပြချင်ပါတယ်။ ကျွန်တော်က  အင်းစိန် G.T.I မှ ဒီပလိုမာ ရရှိခဲ့သူ တစ်ဦးပါ။ ကျွန်တော် အလုပ်သွား အလုပ်ပြန် G.T.I ကျောင်းဝန်းကြီးကို ဖြတ်ပြီး သွားခဲ့ ရတာ နေ့စဉ် လိုလိုပါဘဲ ကျွန်တော်တို့ဘ၀ ရပ်တည်နိုင်အောင် ပညာတွေ သင်ပေးခဲ့တဲ့ ကျောင်းကြီးမို့လဲ အမှတ်တရ အမြဲ ကြည့်လေ့ ရှိပါတယ်။

စနေ၊ တနင်္ဂနွေ အလုပ်ပိတ်ရက်တွေမှာ ကျွန်တော့် သားသမီးတွေနဲ့အတူ ကျောင်းဝင်း အနီးအနား ပျဉ်းမမြိုင် လမ်းမပေါ်မှာ လမ်းလျှောက်လှမ်းရင်း တစ်ခါက G.T.I ကျောင်းသားဘ၀ကို လွမ်းဆွတ် တမ်းတရပါတယ်။ ကျောင်းအုပ် ဆရာကြီး၊ ကထိက ဆရာ ဆရာမများ၊ လက်တွေ့သင်ကြား ပြသပေးခဲ့သော သရုပ်ပြ ဆရာများ၊ ပုံဆွဲ ဆရာကြီးများ၊ ရှုပဗေဒ၊ ဓါတုဗေဒ ဓါတ်ခွဲခန်း၊ လက်တွေ့ သင်ကြားပေးခဲ့သော ဆရာများအား အမှတ်ထင်ထင် သတိတရ ရှိနေတတ်ပါတယ်။

ကိုယ်ဖိရင်ဖိ သင်ကြားပေးခဲ့သော၊ လက်ထပ် သင်ကြားပေးခဲ့သော ဆရာများ၏ နေအိမ် အဆောက်အဦးများ၊ ကျောင်းအုပ်ကြီး နေအိမ်၊ ကထိက ဆရာများ၏ နေအိမ်၊ ကျွန်တော်တို့ ကျောင်းသားများ နေထိုင်ခဲ့ကြရသော ဗဟိုဆောင်၊ ဥတ္တရဆောင်၊ ဒက္ခိဏဆောင်၊ ထမင်းစားဆောင်၊ စားဖို ဆောင်၊ အားကစားကွင်းများ၊ ကျွန်တော်တို့ လက်တွေ့ သင်ကြား ခဲ့ရသော အလုပ်ရုံ၊ ၀ပ်ရှော့များ (WORKSHOPS) ၊ ၀န်ထမ်းများ နေထိုင်ရန် အတွက် လေးထပ်တိုက်၊ ကျွန်တော်တို့ လက်တွေ့ သင်ခဲ့ရသော လယ်ထွန်စက်၊ ဘိုတူဇာ၊ ကားမောင်း သင်ခဲ့ရသည့်နေရာ၊ နေ့စဉ် စာသင်ကြား ခဲ့ရသည် မှန်ဆောင်၊ ပျော်ပွဲရွှင်ပွဲများ၊ ဟောပြောပွဲမျာ ကျင်းပသည့် ခန်းမကျယ်ကြီး၊ ရုံးအဆောက်အဦး၊ စာကြည့်တိုက်၊ ဆေးခန်း၊ နားနေဆောင် များကို တွေ့ရတော့ အို --- အကုန် အမှတ်တရ ဖြစ်စရာတွေပါဘဲ။

ယခုတော့ ဘုရား..ဘုရား..ဘုရား ကျွန်တော်တို့၏ G.T.I ကျောင်းဝန်းကြီး နှစ်ခြမ်း ကွဲသွားခဲ့ပါပြီ၊ အလုပ်ရုံ ၀ပ်ရှော့နှင့် ပင်မ ကျောင်းကြီး၊ ကျွန်တော်တို့ နေ့စဉ် လေ့လာ သင်ယူခဲ့ရသော မြို့ပြ အင်ဂျင်နီယာ ၀ပ်ရှော့၊ စက်မှု အင်ဂျင်နီယာ ၀ပ်ရှော့၊ လျှပ်စစ် အင်ဂျင်နီယာ ၀ပ်ရှော့ စသည်များသည် ဘုရင့်နောင် ရေဆေး ကားဝပ်ရှော့၊ ယခုတော့ ကားရောင်းသည့် နေရာ ၊  သဏ္ဍန် ပြောင်းလဲ ကုန်ပြီကော နှမြောလိုက်တာ။    

            ကျွန်တော်တို့၏ စာသင်ဆောင်၊ ရုံး အဆောက်အဦးကိုရော ကြည့်လိုက်ပြန်တော့ အစိုးရ စက်မှုလက်မှု သိပ္ပံ G.T.I အဖြစ်သာ မဖွင့်နိုင်တာ ထိုနေရာတွင် တခြား ကျူရှင် တစ်ခုကတော့ ပန်းပန်လျက် ရှိနေချေပြီ (ဘော်ဒါဆောင်တွေ ဘာတွေနဲ့ အကျအန တွေ့ရပါတယ်။)၊ ကျွန်တော်တို့ နေ့ထိုင်ခဲ့သော အဆောင်များကိုရော ကြည့်လိုက်ပြန်တော့ ဆေးရုံလိုလိုနှင့် ဘာမှ မယ်မယ်ရရမဟုတ်၊ ကျောင်းအုပ်ကြီး၊ ဆရာသခင် ကထိကများ နေထိုင်ခဲ့သည့် အဆောက်အဦးများကို ကြည့်လိုက်တော့ ခေါင်မိုး မလုံသည့် အသွင် ပြောင်းထားသည့် စည်ပင် ၀န်ထမ်းများ နေအိမ်၊ ကြက်ခြေနီ အသင်းရုံး စသည်ဖြင့် ပြောင်းလဲ သွားလိုက်တာ။

            ကျောင်းဝင်းအတွင်း လမ်းလျှောက် ၀င်လိုက်မိတော့ စည်ပင်မှ ကားများ၊ ကားပျက်များ၊ အမှိုက်ပုံများကို မြင်မကောင်းအောင် တွေ့ရှိခဲ့ ရပါတယ်။ ကျွန်တော်တို့ ကျောင်းတက်ခဲ့စဉ်က မနက်အိပ်ယာထ၊ မျက်နှာသစ်၊ အားကစား လေ့ကျင့်၊ မနက်စာစား၊ ကျောင်းစာသင်ဆောင်သို့ သွား ပညာသင်၊ နေ့လည်ကျောင်းဆင်း အဆောင်မှာ လွယ်အိတ်၊ စာအုပ်များ ပြန်ထား၊ ထမင်းစားဆောင် ၀င် ထမင်းစား၊ ခေတ္တ အနားယူ ကျောင်း ပြန်တတ်၊ ၀ပ်ရှော့ဆင်းပြီး လက်တွေ့သင်၊ ညနေ ကျောင်းဆင်းချိန် ရောက်တော့ မိမိအဆောင် အခန်းပြန် အနားယူ၊ နောက် ဘောလုံး ကန်သူကန်၊ ဘောလီဘော ပုတ်သူပုတ်၊ အလေးမသူ မ၊ ပင်ပေါင၊် ကြက်တောင် ရိုက်သူရိုက်၊ ကြိုက်နှစ်သက်ရာ ကစားလို့ ရပါတယ်။

ကစားပြီး ရေချိုး ညစာ ထမင်းစား၊ အပြင် ခေတ္တလမ်းလျှောက်၊ ညအဆောင် ကျောင်းဝင်းတံခါးကြီး မပိတ်မီ ပြန်ဝင်၊ စာကြည့်၊ အိပ်၊ နောက်တစ်နေ့ မနက် ကျောင်းတတ်၊ မည်မျှ ကောင်းလိုက်သည့် လိုလေသေး မရှိသည့် ကျောင်း၊ ကျောင်းအုပ် ဆရာကြီးမှအစ၊ ဆရာ ကျောင်းသား၊ ၀န်ထမ်းများ တစည်းတလုံးတည်း တ၀င်းတည်း နေထိုင်ရသည့် ကျောင်း၊ မူးယစ်ဆေးဝါး၊ အရက်သေစာ သုံးစွဲသူ မရှိ၊ လောင်းကစား ဖဲရိုက်သူ မရှိ၊ စာသင် ဆောင်နှင့် ဘော်ဒါဆောင်က အနီးကလေး လမ်းလျှောက် ကျောင်းတက်ရုံသာ ဒါက ကျွန်တော်တို့ ပညာသင်ကြား ခဲ့ရသော အခြေအနေပါ။

            ယခု ကျွန်တော့်သမီး ဘီအီး အင်ဂျင်နီယာ သင်တန်း တတ်နေရတာတော့ အလှမ်းဝေးသည့် မှော်ဘီမှာ။ အခြား သူများ အနေဖြင့် လှိုင်သာယာနှင့် သံလျင်မှာ ကားပေါ်တွင် အချိန်ကုန်။ လက်တွေ့သင်ကြားမှုများ မေးလိုက်တော့ ဘာမှ မယ်မယ်ရရ မရှိ၊ ကျူရှင်စရိတ် များစွာ ပေးနေရ။ နောင်တနေ့ အနာဂတ် မြန်မာပြည် အတွက် အင်ဂျင်နီယာ လုပ်မည့် ကျွန်တော်တို့ ခလေးများ၊ လက်တွေ့ လုပ်ဆောင်မှု အထောက်အကူ ပစ္စည်း မရှိ။ လက်တွေ့ လုပ်နိုင်ဘို့ ဝေလာဝေး။ အလွတ်ကျက်၊ မမြင်ဘူးသော လက်တွေ့မရှိသော သင်ခန်းစာများကို ဘာမှန်းမသိ၊ အလွတ်ကျက်ဖြေ။ ရင်လေးစရာများ …

           ခုတော့ ကြားရပါပြီ။ ပညာရေးစံနစ် ပြုပြင် ပြောင်းလဲတော့မည်တဲ့။ ၀မ်းသာစရာပါ၊ ရန်ကုန် တက္ကသိုလ်ကြီးကို ပြန်လည်မွမ်းမံ ပြင်ဆင် ဖွင့်လှစ်တော့ မည်တဲ့။ R.I.T ကြီး စက်မှုတက္ကသိုလ် လဲ ပြန် ဖွင့်နေပါပြီ။ အော် ၊ နေရာ နေရာ ပညာ ဆည်းပူးရမည့် နေရာ ရှားပါးနေသလား မသိ။

            အင်း... ကျွန်တော်တို့၏ အင်းစိန် G.T.I အစိုးရ စက်မှုလက်မှု သိပ္ပံကြီးရော ဘယ်လိုလဲ မည်သည့်အခါတွင် အလှည့်ကျ မည်လဲဟု သိချင်စိတ်များက တဖွားဖွား... မည်သူတွေက ဘယ်တော့ အဖြေပေး နိုင်မှာလဲဟုသာ တွေးမိနေ ပါတော့သည်။
                                                                                                              
OLD G.T.I Student အင်းစိန်၊ အစိုးရ စက်မှုလက်မှုသိပ္ပံ ကျောင်းသားဟောင်းတစ်ဦး

No comments:

Post a Comment